ရှေးယခင်ကပင် ကျွဲ၊ နွား၊ မြင်း၊ ဆင်၊ ကုလားအုပ်စသည့် တိရစ္ဆာန် များကို ထွန်ယက်စိုက်ပျိုးရာတွင် သုံးစွဲ ခဲ့ကြသည်။ ယခုခေတ် စက်ယန္တရား များ ပေါ်ပေါက်လာပြီဖြစ်သော်လည်း အချို့နေရာ၊ အချို့လုပ်ငန်း၊ အချို့တောင်သူလယ်သမားများအတွက် ထိုတိရစ္ဆာန်များကိုလက်လွှတ်၍ မရနိုင်သေးကြောင်း ကမ္ဘာအရပ်ရပ်ရှိ စိုက်ပျိုးရေးလုပ်ငန်း များတွင်တွေ့မြင်ကြားသိနေရသည်။ မြန်မာနိုင်ငံကဲ့သို့ဖွံ့ဖြိုးဆဲ နိုင်ငံအတွက်မူ တိရစ္ဆာန် များ၏ လုပ်အားကို နှစ်သီးစား၊ သုံးသီးစား စိုက်ပျိုး ရေးအတွက် ပို၍ပင် အားထားကြရမည် ဖြစ်သည်။
ကျွဲ၊ နွားများ၏လုပ်အားသာမက ၎င်းတို့ကစွန့်ပစ်အပ်သော ကျင်ကြီးကျင်ငယ်တို့သည် သစ်ပင် အတွက်အသုံးဝင်လှသည်။ ထိုကျင်ကြီးကျင်ငယ်တို့သည် သစ်ပင်အတွက်အာဟာရဓာတ်ပေးစွမ်းခြင်း၊ မြေဆီ လွှာ၏သိပ်သည်းမှုကို ပြုပြင်ပေးခြင်း၊ မြေအချဉ် အငန်ဓာတ်(စံ) ကို ပြုပြင်ပေးခြင်း၊ လူနှင့် ပတ်ဝန်းကျင်ကို အဆိပ်အ တောက် မဖြစ်စေခြင်း စသည့်အကျိုး များကို ပေးစွမ်းနိုင်သည်။
ထို့ကြောင့် စိုက်ပျိုးသူတိုင်းမွေးမြူရေးကိုပါ တစ်ပိုင်တစ်နိုင်တွဲဖက်ပြီး မွေးမြူသင့်သည်။ ခိုင်းနွားမွေးမြူ ရေးကိုမူမိုးနည်းသောဒေသရှိ တောင်သူများက မိမိတို့သုံးစွဲရုံသာမက မိုးများဒေသရှိ လယ်သမားများ အတွက်ပါ ပိုမိုမွေးမြူ ကြရပါမည်။ အညာဒေသမှ တောင်သူကြီးများသည် ခိုင်းနေသော နွားအပြင် အရံအဖြစ် နောက်လိုက် နွားများပါ ထားလေ့ရှိကြသည်။ နောက်လိုက်နွားမှာ မိမိအိမ်ခြံပေါက်နွားဖြစ်သည်။ မြန်မာ မျိုးဖြစ်သည့် ရွှေနီ မျိုးသည် ခိုင်း၍ ပိုကောင်းကြောင်း မှတ်တမ်းတင်ခဲ့သည်။ ရွှေနီမျိုးသည် စပ်မျိုး (အိန္ဒိယနွားနှင့် စပ်သောမျိုး) ထက်အကောင် သေးငယ် သည်။ မိုးထဲ၊ လေထဲ၊ နေပူထဲတွင် ပို၍ အမောခံနိုင်သည်။ ဇွဲရှိသည်။ ရောဂါဘယ သက်သာသည်။ ထို့ကြောင့် မြင်း အုန်းခွံ၊ နွား ရွှေနီ၊ မယားတောသူ စသည်ဖြင့် တင်စားခဲ့ကြသည်။
နွားမွေးမြူမည်ဆိုလျှင် နွားမ ၁၀ ကောင်တွင် နွားသိုး (လိုက်နွား၊ နွားထီး)တစ်ကောင်ထားရသည်။ နွားမများကို ၁နှစ်ခွဲ-၂နှစ်(၂၁-လခန့်)အရွယ်တွင် သားတင်နိုင်ပြီး၊ နွားထီးကို ၃ နှစ်ကျော်မှသားစပ်ခိုင်းနိုင် သည်။ ကိုယ်ဝန်ဆောင် သောကာလမှာ ၁၀ လ (၂၈၂- ရက်ခန့်) ကြာသည်။ နောက်ထပ် သားတင်ရန် ၃-၄ လစောင့်ဆိုင်းရသည်။ သားစပ်မှု အောင်မြင်သော ရာခိုင်နှုန်း ၇၅% ခန့်ဖြစ်သည်။ တစ်နည်းဆိုရသော် နွားမ တစ်ကောင်ကိုသားတင်လျှင် ၇ ကောင်ခန့်အောင်မြင်နိုင်သည်။ နွားကလေး (၃ နှစ်သား အရွယ်အတွင်း) သေနိုင်သော ရာခိုင်နှုန်းမှာ ၆.၅ ဖြစ်သည်။ နွားကြီး သေနိုင်သောရာခိုင်နှုန်းမှာ ၃.၃ ဖြစ်သည်။ ပေါက်ဖွား လာသော နွားကလေးများအနက် အထီးအမမှာ ထက်ဝက်စီခန့်ရှိနိုင်သည်။ နွားမကြီးကို ၁၀ နှစ် အရွယ်ထိ သားတင်နိုင်သဖြင့် ၆ သားခန့် ရရှိနိုင်သည်။ နွားထီးကိုလည်း ၁၀-နှစ်သားအထိ သားစပ်ရန် အသုံးပြုနိုင် သည်။
ထို့ကြောင့် နွားမ ၁၀-ကောင်နှင့် နွားထီး ၁- ကောင်ကို ၈-၁၀ နှစ်ခန့် မွေးမြူပါက နှစ်စဉ်အသားတင် နွားကလေး ၆- ကောင်ခန့် (နှစ်ထပ်တိုးနှုန်းဖြင့်) တိုးပွားလာနိုင်သည်။ ထို အထဲမှ ခိုင်းနွား၂-၃ ကောင်ခန့် ရနိုင် သည်။ အသက် ၂-နှစ် (သွား ၂-ချောင်းကျိုး/စိုက်) အရွယ်တွင်နောက် လိုက်နွားအဖြစ် အသုံးပြုနိုင်ပြီး အသက် ၄-နှစ်အရွယ် (သွား ၄-ချောင်းကျိုး/ စိုက်) အရွယ်တွင် ခိုင်းနွားအဖြစ် အသုံး ပြုနိုင်သည်။ ခိုင်းနွားများကို ၆-နှစ်ခန့် (၆-မိုးခန့်) ခိုင်းနှိုင်သည်။ နွားမ ၁၀- ကောင် မွေးမြူထားလျှင် မိမိတို့ ခိုင်းရန် အတွက်သာ မဟုတ်ဘဲ အခြားသူအတွက်ပါ ခိုင်းနွားများကို ရောင်းချပေးနိုင်မည် ဖြစ်သည်။ ခိုင်းကျွဲ၊ နွားကျွဲများကို တိုးချဲ့မွေးမြူ သည်နှင့် အမျှစားကျက်မြေကိုလည်း တိုးချဲ့ပေးရန် (သို့မဟုတ်) ရှေးယခင်က ရှိခဲ့ပြီးသော စားကျက်မြေ များတွင် အခြားနည်း အသုံးပြုမှုများကို ရှောင်ရှားသင့်သည်။ မရှောင်သာသဖြင့် စားကျက်မြေကို အခြားနည်း အသုံးပြုလျှင်လည်း အခြားသင့်တော်သောနေရာတွင် အစားပြန်ပေးသင့်ပါသည်။ မွေးမြူရေးကို တောင်သူ လယ်သမားများက ဆောင်ရွက်နိုင်သော်လည်း စားကျက်မြေကိုမူ တာဝန်ရှိသူတို့ကသာ ဆောင် ရွက်ပေးနိုင် သည်။
နွားကြီးတစ်ကောင်ရှိလျှင် တစ်နှစ်တွင် နွားချေး ပိဿာ ၁၅၀ဝ ခန့် (နွားလှည်း ၇ စီးတိုက်ခန့်) ရနိုင် သည်။ ခိုင်းနွား တစ်ရှဉ်းရှိပြီး ရသမျှကျင်ကြီး၊ ကျင်ငယ်၊ နွားအောက်ခင်း ကောက်ရိုး၊ မြက်ခြောက်၊ ပဲရိုးစသည် များနှင့် စားဖိုဆောင်ထွက်အမှိုက်သရိုက်များကိုပါ ကျင်းဖြင့် စုဆောင်းပြီးစနစ်တကျသိုလှောင်ထားပါက နွားချေး မြေဆွေး လှည်း ၁၅ စီးစာရနိုင်သည်။ ထိုပမာဏ သည် မြေ ၃-ဧက အတွက်မြေဆွေး ရရှိသဖြင့် အလှည့်ကျ ထည့်ပေးပါက တစ်တုံးထွန် (၁၀-ဧကခန့်) အတွက်လုံ လောက်နိုင်သည်။ သို့မဟုတ် အနည်းအကျဉ်းသာ လိုမည်ဖြစ်သည်။
ရေရှည်အကျိုးကို မျှော်ကိုး၍ တောင်သူလယ်သမားတိုင်း ခိုင်းကျွဲ၊ နွားများကို တစ်ပိုင်တစ်နိုင် မွေးမြူကြ ဖို့နှင့် ဒေသအလိုက် တာဝန်ရှိသူတို့က လည်း မွေးမြူရေးအတွက် ကျွဲနွား စားကျက်မြေများကို ထိန်းသိမ်းကြဖို့ တိုက်တွန်းလိုက်ရပါသည်။
မြန်မာ့ခိုင်းနွား(ရွှေနီ)
မြန်မာ့ခိုင်းနွား၏ ကြန်အင်လက္ခဏာများ
မြန်မာလူမျိုးတို့သည် မိမိတို့နှင့်နေ့စဉ်နှင့်အမျှတွဲဖက်လုပ်ကိုင်နေသော ခိုင်းနွားများအကြောင်းကို လေ့လာမှတ်သားကြသည်။ လက်ဆင့် ကမ်း၍ ပညာပေးခဲ့ကြသည်။ တစ်ကျောင်းတစ်ဂါထာ၊ တစ်ရွာ၊ တစ်ပုဒ် ဆန်းလည်းရှိသည်။ တူရာတွေပေါင်းပြီး ပြန်လည် လက်ဆင့်ကမ်းခြင်းသာ ဖြစ်သည်။
ခိုင်းနွားများ၏ ကောင်းခြင်းလက္ခဏာကို ဤသို့သတ်မှတ်ကြသည်။ နဖူးထိပ်အင်းကျယ်ရမည်၊ “ကျယ်သုံးကျယ်” ဟုခေါ်သည်။ နှာတံခုံးပြီး နဖူးကျယ်လျှင် ကြံခိုင်တောင့်တင်းသည်ဟု ဆိုကြသည်။ ထို့အပြင် ဦးချို (ဂျို) သွယ်ရမည်၊ ခြေလက်သွယ်ရမည်၊ မြီးအိုး သွယ်ရမည်တို့ကို “သွယ်သုံးသွယ်” ဟု သတ်မှတ်ကြ သည်။ နွား၏ရုပ်ရည်ချောမောသည်ဟု ဆိုနိုင်သည်။ “သွယ်သုံးသွယ်” ဟု သတ်မှတ်ကြသည်။ နွား၏ ရုပ်ရည် ချောမောသည်ဟု ဆိုနိုင်သည်။ “သွယ်”ဆိုရာတွင် သေးငယ်နေခြင်းမဟုတ်ဘဲ တဖြည်းဖြည်း သေးသယ် သွားခြင်း ( ရှူးသွားခြင်း) ကိုဆိုသည်။ တဖန်နားကြောပြတ်ရမည်၊ ဆီးကြောပြတ်ရမည် (သိုဖတ်မတွဲရ)၊ အမြီး ကြောပြတ်ရမည်တို့ကို “ပြတ်သုံးပြတ်” ဟုခေါ်သည်။ ထို့အတူ လယ်ဖက်၊ သိုဖက်၊ မြီးဖက် “ဖက်သုံးဖက်” လည်းမပါသင့်ဟု ဆိုကြသည်။ သိုဖက်တွဲလျှင် လေးကန်ထိုင်းမှိုင်းသည်။ ထိုမှ တစ်ပါးမျက်စေ့ပြူးပြီး ဝိုင်းရမည်။ ခါးမှာလည်း ကြေးဖလားကို မှောက်ထားသကဲ့သို့ ဝိုင်းရမည်ကို “ဝိုင်းနှစ်ဝိုင်း” ဟုခေါ်ကြသည်။ သမင်ခွာ၊ သမင် မျက်လုံးရှိသော နွားသည် သွက်လက်ဖျတ်လတ်သည်။ “နှာတံခုံးစေ၊ ခွာလုံးစေ” ဟုဆိုကြသည်။ ကြံခိုင် တောင့် တင်းသည်။
(က) အမွေးရောင်
ထို့အပြင်ခိုင်းနွားများ ထမ်းပိုး ကောင်းမကောင်း (ခိုင်း၍ကောင်းမကောင်း)ကို အမွှေးအရောင်ဖြင့် သတ် မှတ်ကြသည်။ ထန်းသီး (ထန်းပင်မှ အသီး) ညိုရောင်အမွှေးရှိသော နွားသည် သွားလာမှုနှေးကွေးသည်။ ထို့ ကြောင့် “ထန်းသီးညိုဝန်ပိုမတင်နဲ့၊ ဝန်ပိုတင်လျှင်ရွာစဉ်မဝေးနဲ့၊ ရွာစဉ်ဝေးလျှင် ကလေးမပါစေနဲ့၊ ကလေး ပါလျှင် ရိက္ခာမနည်းစေနဲ့” ဟုဆိုသည်။ တစ်ဖန် နွားပြာနီဆပ်ဖွဲရောင်ရှိသောနွားသည် ထမ်းပိုးမကောင်းဟု သတ် မှတ်ကြသည်။ ထို့ကြောင့် “နွားပြာနီဆပ်ဖွဲ နှင်တံမလှဲနဲ့၊ နှင်တံလည်းလှဲရော အသွားလည်းစဲရော” ဟု ဆိုသည်။ ထို့အပြင်နွားပြာနီကောက်ရိုးမွှေးမောင်းနိုင်မှပြေးဟုဆိုပြန်သည်။ နွားပြာနီ မျက်ခွံဖြူ ကြိမ်ကူမှ (နှင်တံရိုက်မှ)၊ ကြိမ်မကူ ဂမူမတက်ဟု သတ်မှတ်သည်။ တစ်ဖန်မြီးစွပ်လျှင် ထိပ်ကွက်မှ ထမ်းပိုးကောင်းသည်။ မြီးစွပ်ပြီး ထိပ် မကွက်လျှင် ရွတ်တွတ်တွတ် ပေကပ်ကပ်ဖြင့်ခိုင်း၍မကောင်း၊ လန့်တတ်သည်ဟု ဆိုသည်။ မြီးစွပ်ထိပ်ကွက်ပြီး ခြေလေးချောင်းလုံးစွပ်ပါက “ခြောက်ကွင်း”ဟုခေါ်ပြီး “နွားကြန်စုံ” ဖြစ်သည်။ မင်္ဂလာရှိသည်။ မွေးရန်သင့် သည်ဟု ဆိုကြသည်။ နွားပြာနီမင်ကွပ်မှာ စိတ်ဆက်၍ ခြေသွက်သည်။
(ခ) လက္ခဏာ
နှာတွင်ပါသော ကြန်အင်လက္ခဏာများဖြင့်လည်း ပိုင်ရှင်၏ ကံကြမ္မာ အဆိုးအကောင်းကို သတ်မှတ် ကြပြန်သည်။ “ဂျို(ဦးချို)တယ်လူး အိမ်ဦးမှာချည် ဥစ္စာသီ၊ ဘယ်ထောင်၊ ညာလဲတက်တက်မွဲ၊ ဘယ်လဲ ညာထောင် တက်တက်ပြောင်” ဟု သတ်မှတ် ကာဂျိုတယ်လူးဖြစ်နေသောနွား ( ဦးချိုတစ်ဖက်လဲပြီး၊ တစ်ဖက် ထောင်နေသောနွား ) သည် စီးပွားဥစ္စာပျက်တက်သည်ဟုယူဆကြသည်။ တစ်ဖန်နွား၏ အစာအိမ်နှင့် ကပ်နေ သော နောက်ဆုံးနံရိုးတစ်ချောင်းတိုနေလျှင် နံတိုဟုလည်း ကောင်း၊ နှစ်ဖက်လုံးတိုနေလျှင် ကျားနံ (ဂဠုံကျားနံ) ဟုလည်းကောင်း ခေါ်ဝေါ်ကြသည်။ ထိုသို့နံတိုပါလျင် ပိုင်ရှင်ထိခိုက်တတ်သည်ဟု ယူဆကြသည်။ ထို့အပြင် နောက်ဆုံးနံရိုးသည် အခြား နံရိုးများထက် ၁-လက်မခန့်ချိုင့်ဝင်နေလျှင် နံပျော့ဟုခေါ်သည်။ ဤသည် လည်း မကောင်းသော လက္ခဏာပင် ဖြစ်သည်။
(ဂ) အမှတ်အသား
ထို့အပြင်ဝမ်းဗိုက်အောက်တွင်အဖြူရောင်အမွှေးများသေးရှည်ရှည်အကွက်တစ်ခုပါရှိလျှင်“တောက်တဲ့” ဟုခေါ်ပြီး၂-၃ ခု ပါလျှင် “မိသားအုပ်” ဟုခေါ်သည်။ ထိုအဖြူကွက်က သေးငယ်နေလျှင် “အိမ်မြှောင်” ဟုခေါ်ပြီး တောက်တဲ့လောက် မထိခိုက်နိုင်ဟု ဆိုပြန်သည်။ အဖန်နွား၏ဝမ်းဗိုက် လက်ပြင်အတွင်းထဲ၌ အမွေးကွက်က လေးပါနေလျှင် တစ်ချက်တစ်ချက်မှ မြင်ရသဖြင့် လျှပ်စီးလက်သကဲ့သို့ဟု ဆိုကာ “လျှပ်ပြက်” ဟုခေါ်ကြသည်။ တစ်ခါတစ်ခါ ဝက်ရူးပြန်ရောဂါ တစ်ခါတစ်ခါ အလုပ်လုပ်ရင်းလဲကျသွားသော “ဝက်ရိုးရောဂါ” ၊ ညအခါ ကောင်းကင်မော့ကြည့်ပြီးနို့စို့သကဲ့သို့ ပြုကျင့်မှု
(ဃ) ဗွေ
နွားများတွင်လည်း ဗွေပါတတ်သည်။ ထိုဗွေတို့သည် ပိုင်ရှင်၏ ကံကြမ္မာကို ဖန်တီးသည်ဟု ယူဆကြ သည်။ “ဗွေဆင့်မျက်ကြား၊ အဝယ်မှား၊ မယားအိမ်နေ စင်းစင်းသေ”ဟု ဆိုကြသည်။ မျက်စေ့ မျက်စေ့ နှစ်လုံးကြားတွင် ဗွေ-၂ လုံး အထက်အောက်ရှိနေခြင်းကို ဗွေဆင့်မျက်ကြားဟုခေါ်သည်။ မှန်လျောဗွေဆို သည်မှာ မျက်စေ့နှစ်လုံးကြားတွင်ရှိသော ဗွေတစ်လုံးသည် အထက်မျက်ခမ်းနှစ်ခုကို ကြိုးဆွဲလိုက်လျှင် မလွတ် သောဗွေ ဖြစ်သည်။ ထိုဗွေပါနေလျှင် ထမ်းပိုးကောင်းသည်။
သို့ရာတွင် မကောင်းသောလက္ခဏာဟု သတ်မှတ်ကြသည်။ ကောင်းသောလက္ခဏာပြသည့်ဗွေမှာ လက်ပြင်ရှေ့လည်ပင်းပေါ်တွင် တစ်ဖက်တည်း၌ ဖြစ်စေ၊ နှစ်ဖက်စလုံး၌ဖြစ်စေ ဗွေပါနေလျှင် ဗွေတစို့ သို့မဟုတ် ထမ်းပိုးကြီးဗွေဟု ခေါ်သည်။ ထိုနွားသည် ထမ်းပိုးကောင်းသည်။ တစ်ဖန် ဦးခေါင်း ပေါ်တွင် ဗွေ နှစ်လုံးယှဉ်ပြိုင်နေပါက ဗွေပြိုင် (သို့ မဟုတ်) ဗွေချိန်ခွင်ဟုခေါ်ပြီး ထမ်းပိုးကောင်းသည်။ လှည်းဖြင့် ဈေးရောင်း ထွက်ပါက အရောင်းရကောင်း သည်ဟု ယူဆကြသည်။ ကျောပေါ်တွင်ဖြစ်စေ၊ ဦးခေါင်းထက်တွင်ဖြစ်စေ ဖိုခနောက် ဆိုင်ဗွေ သုံးလုံးပါလျှင် မြခနောက်ဟု ခေါ်ပြီး ပိုင်ရှင်ကို ကြီးပွားချမ်းသာ စေသည်။ ထို့အပြင် ကျောပေါ် မှဗွေနှင့် ဝမ်းဗိုက်အောက်ရှိ ချက်တို့တည့်တန်း နေလျှင် ဗွေချက်ပေါက်၊ ချစ်ခုံတစ်ဖက် တစ်ချက်စီ ပေါ်တွင် ဗွေပါနေလျှင် ဗွေကျေးနား၊ ကင်းခြေများ ပုံသဏ္ဌာန်ဖြင့် ချစ်ခုံမှ အမြီးကြားထဲဝင်သွားသော ဗွေကို လင်းဒနိုက်ဟုခေါ်သည်။
(င) အဆိုအမိန့်များ
(၁) မမွေးအပ်သော နွား ၇ မျိုး
အသားပွငြား၊ နိမ့်တင်ပါး၊ ထိုနွား မမွေးအပ်။ ပေါင်အနေစောင်း၊ ဒူး၊ မြင်းခေါင်း၊ မကောင်းဟူ၍ မှတ်။ သွားကြားရေယို၊ တယ်လူး၊ ချို၊ နံတို-နံကြပ် မမွေးအပ်။ မျက်တွင်းကျနွား၊ ခြေခွင်နွား၊ မွေးထားမပြုအပ်။ မြေကပ် ၍ပါ၊ ခြေကိုခါ၊ ခေါင်းမှာတိုလက် မမွေး အပ်။ မွေးရှည်၊ မြီးရှည်၊ မွေးကြမ်းသည်၊ လည်ရှည်တိုလတ် မမွေးအပ်။ နှာ ခေါင်းရှည်ငြား၊ ထိုထိုနွား ရှောင်ရှားသက်လုံးမှတ်။
(၂) မွေးအပ်သော နွား ၉ မျိုး
ထိပ်လယ်ကျားနေ၊ လည်ပင်းဗွေ၊ ရှိလေ နွားမြတ် မွေးမြူအပ်။ ခြေလက် အဖြူ၊ မြီးကျားဖြူ၊ ခွာမူ ရှည်လတ်မွေးမြူအပ်။ ကျောက်ကုန်း၌ဗွေ၊ မြီးရင်း ဗွေ၊ ရှိလေတုံလတ် မွေးမြူအပ်။ မျက်စိမျက်နှာ တင့်တယ်စွာ၊ နားမှာ တိုလတ် မွေးမြူအပ်။ ဆိုခဲ့လေငြား ထိုသည့် နွားကောင်းစားစေတတ်၊ သက်လုံးမှတ်။
(၃) ခုနစ်နေ့သား နွားမွေးကျမ်း
နေ့ခုနစ်ရက်၊ နွားမွေးချက်၊ တစ်သက်လုံးမှတ်လေကွယ်။ တနင်္ဂနွေနေ့ သားမွေးသူငြား၊ နွားမှာ နီဖြူတဲ့။ တနင်္လာသားမွေးဖို့ကား နွားနီ ပြောက်ကျားတဲ့။ နွားနက်အင်္ဂါ၊ ဗုဒ္ဓဟူးနေ့သား နီကျားကျား မွေးထားကောင်း သည်တဲ့။ ကြာသ ပတေး၊ သောကြာ၊ စနေမှာ ကြောင်၊ ပြာ၊ အနှမ်း မွေးလေတဲ့။
(၄) နံသင့်နွား မွေးနည်း
တနင်္ဂနွေသား မွေးသင့်ငြား နွားနီ၊ နွားနက်တဲ့။ နီပြောက်မွေးပါ တနင်္လာ၊ အင်္ဂါ ဖျြူကျားတဲ့။ ဗုဒ္ဓနီ ဖြူဖြူ၊ ဂုရုမူ၊ မွေးယူ နွားနက်တဲ့။ နှမ်းပြောက် သောကြာ စနေမှာ ဥစ္စာတက်မည်တဲ့။
ထိုထိုသော အယူအဆများသည် နွားပွဲဈေး၌ ရောင်းသူကို ခြောက်လှန့်ပြီး ဝယ်သူကို မြှောက်ပင့် ပေးသော နွားပွဲစားများ၏ လုပ်ကြံမှုလည်းပါနိုင် သည်။ အချို့မှန်သည်လည်း ရှိနိုင်သည်။ မည်သို့ပင် ရှိစေကာမူ နွားပွဲဈေးမှ မဝယ်ရအောင် ကိုယ့်အားကိုယ်ကိုး၊ ကိုယ့်မျိုးကိုယ်ထား၊ ကိုယ့်နွားကိုယ်မွေးကြဖို့ တိုက်တွန်း လိုက်ရပါသည်။
ref: နည်းသစ်စွယ်စုံ